Tuesday, March 8, 2022

ကိုယ်ဝန်ဆောင်မိခင်များအတွက် အန္တရာယ်ကင်းတဲ့ အိပ်စက်မှုပုံစံ

 ကိုယ်ဝန်ဆောင်မိခင်များအတွက် အန္တရာယ်ကင်းတဲ့ အိပ်စက်မှုပုံစံ

++++++++++++++++++++++++++++++++++++

မေမေ့မှာ ရင်သွေးလေးရှိလာပြီလို့ သိတဲ့အချိန်ကစပြီး ဖေဖေက ကိုယ်ဝန်ဆောင်နဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို ဆက်တိုက် ရှာဖွေဖတ်ရှုလေ့လာမိပါတယ်။ မေမေတစ်ခုခု ခံစားနေရပြီဆိုတာနဲ့ Google ကိုအရင်ပြေးခေါက်တော့တာပါပဲ။ စာအုပ်ဆိုင်သွားပြီးတော့ ကိုယ်ဝန်ဆောင်နဲ့ပတ်သတ်တဲ့ စာအုပ်စာတမ်းတွေရှာဖွေဝယ်သလို ဆိုင်မှာမတွေတဲ့ အချို့စာအုပ်တွေဆိုရင် Online ကနေ မှာယူဖြစ်ပါတယ်။ သားဦးကိုယ်ဝန်ဖြစ်တာကြောင့် ဘာမှမသိသေးတဲ့အတွက် မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ဖြစ်မှာစိုးရိမ်တဲ့အတွက် ပိုပြီးလေ့လာဖြစ်ပါတယ်။ လေ့လာတဲ့အခါမှာလည်းဖေဖေပဲသိနေလို့ အဆင်မပြေတာကြောင့် မေမေ့ကို သိသမျှ ပြန်လည်မျှဝေရင်း စာအတူဖတ်ဖြစ်အောင် ကြိုးစားဖြစ်ပါတယ်။ တစ်ခါတစ်လေ မေမေ စာမဖတ်နိုင်ရင် ဖေဖေက အသံထွက်ဖတ်ပေးတာမျိုး၊ YouTube က Video ကြည့်တာမျိုးတွေလုပ်ဖြစ်ပါတယ်။ ဖေဖေတို့လို အခြားကိုယ်ဝန်ဆောင် မေမေတို့လည်း လေ့လာစေချင်ပါတယ်။ ဒါကြောင့် လေ့လာမိသလောက်ကို ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်ခင်ဗျာ။


ဒီနေ့တော့ ဖေဖေနဲ့မေမေ လေ့လာထားတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် အန္တရာယ်ကင်းတဲ့ အိပ်စက်မှုပုံစံကို ရင်သွေးလေးပိုင်ဆိုင်ထားကြတဲ့ ဖေဖေ၊မေမေတို့ကိုလည်း ပြန်လည်မျှဝေပေးချင်ပါတယ်ခင်ဗျာ။ ဒီလိုမျှဝေပေးခြင်းက ဖေဖေ့တွက် အကြောင်းအရာတွေကို ပိုပြီးမှတ်မိသ အခြားမိခင်၊ ဖခင်တွေအတွက်လည်း အကျိုးရှိလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်ခင်ဗျာ။


အိပ်တဲ့ပုံစံကို ဘာကြောင့်လေ့လာဖြစ်လည်းဆိုရင် အရင်က မေမေအိပ်တာ လွပ်လွပ်လပ်လပ် သက်သောင့်သက်သာ ဘယ်လိုအိပ်အိပ် အဆင်ပြေတယ်ဆိုပေမဲ့ အခုနောက်ပိုင်း ကိုယ်ဝန်တဖြည်းဖြည်းရင့်လာတော့ ခါတိုင်းလို အိပ်စက်မှုပုံစံက သက်သောင့်သက်သာ မရှိတာကို ခံစားလာရတယ်။ ဒါနဲ့ပဲ ဖေဖေလည်း ထုံးစံအတိုင်း ရှာဖွေဖတ်ရှုကြည့်တာပေါ့။ အဲဒီမှာဘာသွားတွေ့လည်းဆိုတော့ ကိုယ်ဝန်ဆောင်တွေ အိပ်တဲ့အခါအနေအထားမှန်ဖို့ စနစ်ကျဖို့ဆိုတာပါပဲ။ ကိုယ်ဝန်ဆောင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ ကိုယ်ဝန်ဆောင် ဖက်လုံးလိုအပ်လာတယ်။ ဒါကြောင့် ဖေဖေလည်း တခါတည်း Online ကနေမှာယူပါတော့တယ်။ ဒီလိုဖက်လုံးနဲ့ အိပ်တဲ့ အခါ ဘာတွေထူးခြားမှုရှိလဲလို့ မေမေ့ကိုမေးကြည့်တော့ သက်သောင့်သက်သာရှိတယ်လို့ဆိုပါတယ်။ 


အခုဆို မေမေက ကိုယ်ဝန် (၅) လထဲရောက်ပြီဆိုတော့ ပက်လက်ပုံစံ လုံးဝမအိပ်မိအောင်သတိထားနေရပါတယ်။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ကလေးရော လူကြီးအတွက်ပါ ပက်လက်အိပ်စက်ခြင်းက သင့်တော်မှုမရှိဘူးဆိုတာကိုလေ့လာရပါတယ်။ ဒါကြောင့် မေမေ့အတွက် သင့်တော်တဲ့ အိပ်စက်မှုပုံစံကတော့ ဘေးတစောင်းအနေအထားပါပဲ။ ကိုယ်ဝန်ဆောင်ဖက်လုံးလေးနဲ့ အနေအထားမှန်မှန်ကန်ကန်လေး အိပ်တဲ့အခါမှာ သက်သောင့်သက်သာရှိစေမှာဖြစ်ပါတယ်။ 


ဒီစာကိုဖတ်ရှုနေတဲ့ မေမေတို့လည်း ရင်သွေးလေးမွေးဖွားဖို့အတွက် အားအင်တွေအပြည့်ရှိနေဖို့လိုအပ်တာကြောင့် ဂရုစိုက်ပြီးနေထိုင်နိုင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ မှန်ကန်တဲ့ အိပ်စက်မှုပုံစံနဲ့ သက်သက်သာသာ ညစဉ် အိပ်စက်အနားယူနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်ခင်ဗျာ။ 


https://www.facebook.com/phayphay.vlog/

#Phayphayvlog

#ကူးယူမျှဝေလိုပါကလွပ်လပ်စွာမျှဝေနိုင်ပါတယ်။

#ကျေးဇူးပြု၍Creditပေးပါ။


ဘာလေးပဲဖြစ်ဖြစ် ဖေဖေချစ်တယ်

 ဘာလေးပဲဖြစ်ဖြစ် ဖေဖေချစ်တယ်

*****************************

မေမေ့ဗိုက်ထဲက ဘေဘီလေးက ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းခလေးပဲဖြစ်ဖြစ် ဖေဖေချစ်တယ်။ ဘာလေးပဲလိုချင်တယ်လို့ သတ်မှတ်ထားတာလဲမရှိဘူး။ ကလေးပျိုးထောင်ခြင်းကို စိတ်ဝင်စားသူဖြစ်တာကြောင့် ဘယ်လိုပျိုးထောင်မလဲဆိုတဲ့ အကြောင်းပဲစဉ်းစားဖြစ်ပါတယ်။ သားသားလေးဆိုရင် ဘာတွေ ဘယ်လိုသင်ပေးပြီး ဘယ်လိုကြီးပြင်းစေမယ်ဆိုတာနဲ့ မီးမီးဆိုရင်လည်း ဘယ်လိုအရာတွေ ဘာအကြောင်းအရာတွေနဲ့ ဘဝကို ဘယ်လို ရပ်တည် ကြိုးစားတတ်သူတစ်ယောက်ဖြစ်အောင် လမ်းညွှန်ပေးမယ်ဆိုတာပဲ စိတ်ကူးထားဖြစ်ပါတယ်။ တကယ်တော့ ယောက်ျားလေး၊ မိန်ကလေးဖြစ်တည်ခြင်းထက် ရလာတဲ့ ကိုယ့်ရဲ့ရင်သွေးလေးကို ဘယ်လိုပုံစံနဲ့ ကြီးပြင်းစေပြီး ဘာတွေပံ့ပိုး ပျိုးထောင်ပေးတယ်ဆိုတာက အရေးကြီးပါတယ်။ များသောအားဖြစ် ဖေဖေတွေက သားယောက်ျားလေး လိုချင်ကြတယ်လို့ သိထားပါတယ်။ တကယ်တမ်း မိန်းခလေးရတော့လည်း ချစ်ကြတာပါပဲ။ ဒါပေမဲ့ အချို့ မိဘများ ဆွေးနွေးတိုင်ပင်တဲ့ Group အချို့မှာ ယောက်ျားလေး၊ မိန်းခလေးသိရတဲ့ အချိန် ‌သားယောက်ျားလေးလိုချင်တဲ့ ဖေဖေတွေက ကိုယ်ဝန်သယ်မေမေကို စိတ်ဆိုးပြီး မခေါ်မပြောတဲ့ အထိရှိနေတာကို တွေ့ရတော့ တကယ်ဝမ်းနည်း မိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေကို ‌ကိုယ်ရောစိတ်ပါ ပျော်ရွှင်အောင်ထားပေးရပါတယ်။ အမြဲအားပေးရမယ်။ ပျော်ရွှင်စရာတွေဖန်တီးပေးရမယ်။ အရင်ကထက်ပိုဂရုစိုက်ပေးရမယ်။ မွေးဖွားလာမည့်ရင်သွေးလေးအတွက် ပြင်ဆင်ကြရမယ်။ ကလေးပျိုးထောင်နည်းတွေ အတူလေ့လာ မျှဝေရမယ်။ အနာဂတ်မိသားစုဘဝလေးကို အတူစိတ်ကူးပုံဖော်ရင်း လိုအပ်တာတွေပြင်ဆင်ကြရပါမယ်။ ဒီစာကို ဖတ်နေတဲ့ ဖေဖေ၊ မေမေတို့လည်း မွေးဖွားလာမည့်ရင်သွေးလေးက သားသားလေးပဲဖြစ်ဖြစ်၊ မိန်းခလေးပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး လက်ခံနိုင်အောင် ရှင်းပြပေးပြီး အနာဂတ်မိသားစုလေးအတွက် စိတ်ကူးပုံဖော်ပြီး ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ။

https://www.facebook.com/phayphay.vlog/

#Phayphayvlog

#ကူးယူမျှဝေလိုပါကလွပ်လပ်စွာမျှဝေနိုင်ပါတယ်

#ကျေးဇူးပြု၍Creditပေးပါ



ကိုယ်ဝန်ဆောင်မိခင်တွေ ဖုန်းကိုအချိန်ကြာမြင့်စွာ အသုံးပြုသင့်ပါသလား?

 ကိုယ်ဝန်ဆောင်မိခင်တွေ ဖုန်းကိုအချိန်ကြာမြင့်စွာ အသုံးပြုသင့်ပါသလား?

**********************************************

ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဖုန်းကိုအချိန်ကြာမြင့်အောင် အသုံးမပြုသင့်ပါဘူး။ လေ့လာမှု တစ်ခုကို ဖေဖေဖတ်ကြည့်ဖြစ်တဲ့အခါ ကိုယ်ဝန်ဆောင်မိခင်များဟာ တစ်နေ့ကို ဖုန်းအသုံးပြုမှု လေးကြိမ်ထက်ပိုပြီး (သို့မဟုတ်) တစ်နေ့ကို တစ်နာရီထက်ပို၍ အသုံးပြုဖြစ်ပါက လျှပ်စစ်သံလိုက်ဓာတ်ရောင်ခြည်ကြောင့် မလိုအပ်ပဲ သန္ဓေသားကိုထိခိုက်စေနိုင်ပါတယ်လို့‌သိရှိရပါတယ်။ နောက်ပြီး ဖုန်းရဲ့ အလင်းရောင်သက်ရောက်မှုက မေမေတို့ရဲ့ အိပ်စက်ခြင်းကို ထိခိုက်စေတဲ့အပြင် ပင်ပန်းနွမ်းနယ်တာနဲ့ မှတ်ဉာဏ်အား ပြတ်တောက်တာတွေ နောက်ဆက်တွဲဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ခါနီးမှာ ဖုန်းမသုံးတာ အကောင်းဆုံးဖြစ်ပါတယ်။ မဖြစ်မနေသုံးရတဲ့အခါမျိုးမှာ အသုံးပြုပြီးတာနဲ့ ကိုယ်နဲ့ ဝေးဝေးမှာထားပေးသင့်ပါတယ်။ ဒီအကြောင်းအရာကို ဖေဖေသိတာနဲ့ အိပ်ယာထဲမှာ ဖုန်းလုံးဝမထားဖြစ်တော့ပါဘူး။ နောက်ထပ်အရမ်းအရေးကြီးတဲ့ အချက်က ဖုန်းကို ဗိုက်ပေါ်တင်တာမျိုးကို သတိထားရှောင်ကျဉ်သင့်ပါတယ်။ ကလေးနဲ့ အနီးကပ်ရှိတာကြောင့် အရမ်းအန္တရာယ်များပါတယ်။ ဒီအကြောင်းအရာလေးက ဖေဖေမေမေတို့အတွက် အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။

အဆင်ပြေကြပါစေ

#phayphayvlog



ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ နေထိုင်မှုပုံစံကို အတူလေ့လာသင်ယူပါ

 ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ နေထိုင်မှုပုံစံကို အတူလေ့လာသင်ယူပါ

#################################

ဖေဖေကတော့ ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ နေထိုင်မှုပုံစံကို ကိုယ်တိုင်လေ့လာသင်ယူသလို မေမေ့ကိုလည်း သိထားသမျှမျှဝေပြီး အတူလေ့လာသင်ယူဖြစ်ပါတယ်။ ‌ပိုပြီးလေ့လာဖြစ်လေ ပိုသိလာလေဖြစ်သလို ဂရုစိုက်ရမည့်အရာတွေလည်းပိုများလာပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ရင်သွေးလေးအတွက် ကြိုတင်ပြင်ဆင်သင့်တာတွေလည်းသိရှိလာပါတယ်။ ဖေဖေကတော့ အခုမှသားဦးကိုယ်ဝန်မို့ အရမ်းကိုဂရုစိုက်ဖြစ်ပါတယ်။ အခုမှ ဖခင်ဖြစ်ရမည့်သူဆိုတော့ မသိတာတွေများတဲ့အလျှောက် ပိုပြီးလေ့လာဖြစ်ပါတယ်။ မှန်ကန်တဲ့ အသိပညာတွေဖြစ်ဖို့လည်း ရွေးချယ်လေ့လာရပါတယ်။ အများပြောတာကို ထင်ယောင်ထင်မှားနဲ့ မသေချာမရေရာပဲ လိုက်လုပ်မိရင် အန္တရာယ်ရှိတာကြောင့် ကိုယ်တိုင်အမှန်သိအောင် လေ့လာသင်ယူသင့်ပါတယ်။ ပြောပြလမ်းညွှန်တဲ့သူရဲ့ပြောပြချက်က မှန်မမှန် ဆင်ခြင်သုံးသပ်ဖို့ဆိုရင် ကိုယ်တိုင်သိရှိအောင် လေ့လာသင်ယူရပါတယ်။ တကယ်တတ်သိနားလည်တဲ့ ပညာရှင်တွေဆီကနေနည်းနာယူပြီး လေ့လာသင်ယူ ကျင့်သုံးနေထိုင်သင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလဟာ အရမ်းကို အရေးကြီးတာကြောင့် နေ့စဉ်ဂရုစိုက်နေထိုင်သင့်တာကို လေ့လာသိရှိရပါတယ်။ ဒီစာကိုဖတ်နေတဲ့ ဖေဖေ၊ မေမေတို့လည်း ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေးနဲ့ နေထိုင်စားသောက်မှုပုံစံကို အတူလေ့လာဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ 

🙏အားလုံးအဆင်ပြေကြပါစေ🙏

#phayphayvlog



မေမေ့ကို မကြာခဏ အရမ်းချစ်တဲ့အကြောင်းပြောပါ

 

မေမေ့ကို မကြာခဏ အရမ်းချစ်တဲ့အကြောင်းပြောပါ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ထားရတာနဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ခန္ဓာကိုယ် မအီမသာဖြစ်တဲ့အပြင် စိတ်ဖိစီးမှုတွေပါဖြစ် တတ်တယ်လို့လေ့လာသိရှိရပါတယ်။ မေမေတစ်ယောက် ရင်သွေးငယ်လေးတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုဒါဏ်ခံကြရလေ့ရှိပြီး အမျိုးသမီး ၇၀% သောမေမေတွေဟာ ဒီဝေဒနာကို ခံစားကြရလေ့ရှိတယ်ဆိုတာ လေ့လာသိရှိရပါတယ်။ ဒီရာခိုင်းနှုန်းဆိုတာ အလွန်များပြားတဲ့ ပမာဏဖြစ်ပါတယ်။ ဒါကြောင့် ဖေဖေတွေအနေနဲ့ မေမေ့ကို နည်းလမ်းမှန်မှန် ပြုစုစောင့်ရှောက်တတ်ဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်။ ဒီနေရာမှာ ဖေဖေကတော့ ချစ်ခြင်း မေတ္တာဟာ ပိုပြီးလိုအပ်လာမယ်လို့ထင်မြင်မိပါတယ်။ ကိုယ်ဝန်ဆောင်မေမေကို ဖေဖေက အရင်ကထက်ပိုပြီး ဂရုစိုက်ခြင်းက ကိုယ်ဝန်ကြောင့်ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ရဲ့ နာကျင်မှုများနဲ့အတူ စိတ်ဖိစီးမှုတွေကိုပါ သက်သာစေနိုင်ပါတယ်လို့ လေ့လာရပါတယ်။ အခုဆို ဖေဖေက မေမေ့ကို ဒီလိုဗဟုသုတမျိုးတွေ သိရှိတာနဲ့ အရမ်းဂရုစိုက်ပေးဖြစ်ပါတယ်။ မကြာခဏလည်း အရမ်းချစ်တဲ့အကြောင်းတွေနဲ့ ပျော်ရွှင်စရာ အမှတ်တရတွေကို ပြောဖြစ်ပါတယ်။ ဒါကြောင့် ဒီစာကိုဖတ်နေတဲ့ ဖေဖေမေမေတို့လည်း မကြာခဏချစ်တဲ့အကြောင်းတွေ ပြောကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

တစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာတွေပေးနိုင်ကြပါစေ
#phayphayvlog

ဖေဖေရဲ့ ဘေဘီလေးကို လူတော်ဖြစ်ဖို့ထက် လူကောင်းဖြစ်အောင်ပျိုးထောင်ပေးမယ်


 ဖေဖေရဲ့ ဘေဘီလေးကို လူတော်ဖြစ်ဖို့ထက် လူကောင်းဖြစ်အောင်ပျိုးထောင်ပေးမယ်

************************************************

သားသမီးကို ထူးချွန်ထက်မြတ်တဲ့ လူတော်လူကောင်း ဖြစ်စေချင်ကြတာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ဖေဖေလည်း မိဘတွေထဲက မိဘဖြစ်လာတော့မှာမို့ ကိုယ့်ကလေးရဲ့ အနာဂတ်ကို မေမေကိုယ်ဝန်စရှိပါပြီဆိုကတည်းက အမြဲတမ်း စိတ်ကူးပုံဖော်နေမိပါတယ်။ ကိုယ့်ရင်သွေးလေးအတွက် ဘာတွေပြင်ဆင်ပေးရမယ်၊ ဘယ်လိုပုံစံနဲ့ ဘဝကိုဖြတ်သန်းစေမယ် ဆိုတာကို ကြိုတင်စဉ်းစားမိပါတယ်။ ကလေးပျိုးထောင်တာနဲ့ ပတ်သတ်ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်ကိုလေ့လာကြည့်တဲ့အခါ နည်းစနစ်မှန်နဲ့ ပျိုးထောင်းပေးတဲ့ မိဘဆိုတာ အလွန်းနည်းပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း အသက်အရွယ်ငယ်ရွယ်တဲ့ ဖေဖေ၊မေမေ တွေကတော့ ဖေဖေတို့လို့ ကလေးပျိုးထောင်းခြင်းကို စိတ်ဝင်စားလာကြပါပြီ။ အခုလို Social media ခေတ်မှာ အကြောင်းအရာတစ်ခုသိချင်တာနဲ့ Click တစ်ချက်နှိပ်တာနဲ့ လေ့လာလို့ရနေတာကြောင့်လည်း နောက်ပိုင်း နည်းပညာနဲ့ရင်းနီး‌တဲ့ ဖေဖေ၊မေမေတွေဟာ အတော်လေး လေ့လာနိုင်နေကြပါပြီ။ ရာခိုင်နှုန်းအားဖြင့်တော့ အတော်လေးနည်းနေပါသေးတယ်။ ကလေးပျိုးထောင်ခြင်းကိုစိတ်ဝင်စားတဲ့ အထဲမှာမှ သိပြီးလိုက်လုပ်တဲ့ မိဘရှိသလို၊ မလုပ်နိုင်သေးတဲ့ မိဘတွေလည်း အတော်လေးရှိနေပါသေးတယ်။ ဒါကြောင့် သိနေရင်တော့ ကိုယ့်ကလေးရဲ့ အနာဂတ်တွက် လိုက်လုပ်စေချင်ပါတယ်။


ဖေဖေကတော့ ကလေးပျိုးထောင်ခြင်းနဲ့ပတ်သတ်ပြီးတော့ တော်တော်လေးကို လေ့လာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းသလို ကလေးငယ်စဉ်ဘမှာ နည်းလမ်းမှန်မှန်နဲ့ ပျိုးထောင်နိုင်ပါက ကလေးဘဝတလျှောက်လုံး ကိုယ်တိုင်ရပ်တည်ပြီး ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်မယ်ဆိုတာသိလာရပါတယ်။ ငယ်ရွယ်တဲ့ အချိန်မှာ မိဘက ဘဝတွက်လိုအပ်တဲ့ Skills တွေကို ဖြည့်ထားပေးမယ်ဆိုရင် ကလေးအတွက် စိတ်ပူမနေရတော့ဘူးပေါ့။ ဖေဖေတွေ့နေရတဲ့ ပတ်ဝန်းကျင်က ကလေးပျိုးထောင်နည်းတွေက ကလေးကို အစစအရာရာ မိဘကိုယ်တိုင်လုပ်ပေးတယ်။ နေ့စဉ်ဘဝမှာ သင်ယူခွင့်မပေးပဲ မြန်မြန်အလုပ်ဖြစ်အောင် မိဘတွေက ကိုယ်တိုင်ပဲ ကလေးတွေရဲ့ နိစ္စဒူဝလုပ်ငန်းတွေကို လုပ်ကိုင်ပေးကြတယ်။ အဲဒီမှာပဲ ကလေးက ဘာပဲဖြစ်ဖြစ် မိဘကိုအားကိုးတာမျိုးနဲ့ ကိုယ်တိုင်မလုပ်တော့ပဲ အရာရာ မိဘပါမှဆိုတာမျိုးတွေဖြစ်ကုန်တယ်။ ဒီလိုအခြေအနေ မဖြစ်ဖို့ဆိုရင် မိဘက နေ့စဉ်ဘဝမှာ ကလေးကိုသင်ယူခွင့်ပေးရပါမယ်။ ဖေဖေကတော့ ကလေးကို အရွယ်အလိုက်လုပ်နိုင်တာတွေ သင်ကြားပေးပြီး အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးမှုရှိအောင် သင်ကြားပေးပါမယ်။ ဒီစာကိုဖတ်နေတဲ့ ဖေဖေ၊ မေမေတို့လည်း ဒီလိုခံယူချက်လေး ရှိစေချင်ပါတယ်။ ကလေးဘဝတွက် အရွယ်ငယ်စဉ်ကတည်းက ခိုင်မာတဲ့ အခြေခံကောင်းတွေ တည်ဆောက်လို့ရပါတယ်။


ဖေဖေတို့ နိုင်ငံမှာ များသောအားဖြင့် ကိုယ်ကလေးကို လူတော်ဖြစ်ဖို့ပဲ ပျိုးထောင်ကြတာများပါတယ်။ ဘာလို့ဒီလိုပြောလည်းဆိုရင် အတန်းထဲမှာ စာတော်ရမယ်။ စာအသင်အပြအကောင်းဆုံးနေရာတွေမှာ ကလေးကို အတန်းစာတော်ဖို့ ကြိုးစားစေတယ်။ အိမ်မှာ အသင်ပြကောင်းတဲ့ Guide ငှားပြီး သီးသန့်လေ့ကျင့်ကြတယ်။ ဒီလိုလုပ်တော့ ကလေးတွေလည်း အတန်းပညာ တော်ကြပါတယ်။ ဘာလို့လဲဆိုမိဘကလည်း ဒီလိုဖြစ်ဖို့ စီစဉ်ခဲ့တာကိုးနော်။ ဒါပေမဲ့ ကလေးကို လူကောင်းဖြစ်ဖို့ အားထုတ်တဲ့ မိဘ အတော်နည်းတာကိုတွေ့ရပါတယ်။ လူကောင်းဆိုတာ ဘာကောင်းတာလဲပေါ့။ အမူအကျင့်ကောင်းတွေရှိပြီး ကိုယ်ချင်းစာတရားအပြည့်နဲ့ စိတ်ကောင်း၊ လူကောင်းဖြစ်တာကိုပြောခြင်းဖြစ်ပါတယ်။ လူတော်ဖြစ်တိုင်း လူကောင်းမဖြစ်တာမို့ ဘဝမှာ လူကောင်းဖြစ်ဖို့လည်း ကလေးကို ပျိုးထောင်ပေးသင့်ပါတယ်။ ဖေဖေကတော့ ဘေဘီလေးကို လူကောင်းဖြစ်ဖို့ ကိုယ့်ကိုယ်ကိုအရင်ပျိုးထောင်မယ်။ မေမေကိုလည်း လိုအပ်တာတွေမျှဝေဆွေးနွေးပြီး ပျိုးထောင်မယ်။ ကလေးကောင်းဖြစ်ဖို့ လူကြီးကအရင် ကောင်းနေမှဖြစ်မှမို့ အခုကတည်း ကလေးကိုဖြစ်စေချင်တာတွေကို ဖေဖေမေမေက လေ့ကျင့်ယူဖို့ စဉ်းစားဆုံးဖြတ်ထားပါတယ်။ 

ဖေဖေရဲ့စာတွေကို ဖတ်ရှုပေးတဲ့ ဖေဖေ၊ မေမေတို့ကိုလည်းကျေးဇူးတင်ပါတယ်။ ဖေဖေမေမေတို့တွက် အကျိုးရှိတယ်ဆိုရင် ကိုယ်ပတ်ဝန်းကျင်ကိုလည်း ဒီအကြောင်းအရာလေးမျှဝေပေးကြပါအုံးနော်။

https://www.facebook.com/phayphay.vlog/

#Phayphayvlog

#ကူးယူမျှဝေလိုပါကလွပ်လပ်စွာမျှဝေနိုင်ပါတယ်

#ကျေးဇူးပြု၍Creditပေးပါ

ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား?

  ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား? ************************************ မိဘတိုင်းကတော့သားသမီးကို ချစ်ကြတာပါပဲ ဒါပေမဲ့ နည်းလမ်းမှန်မှန်...